ညောင်ဦး စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင် ၅ ခုမှ မိုးစပါး လျှပ်စစ်မြစ်ရေတင်ရေဖြင့် ၇၈၅ ဧက စိုက်ပျိုးလျက်ရှိရာ ရာခိုင်နှုန်းပြည့်စိုက်ပျိုးပြီးစီးတော့မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင်ဖြင့်မိုးစပါးစိုက်ပျိုးရန် ဇွန်လတွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဇူလိုင်လဆန်းပိုင်းကစတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊ မနောသုခ၊ YSR စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင်စိုက်ပျိုးမည့် လယ်မြေအတွင်းရွှေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါး စိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ ကျပ်ပေးသွင်းရပြီး၊ နွေစပါး စိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ် ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်းသိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများ အထွက်နှုန်းပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်းတန်လွန်းကြောင်း၊ မိုးစပါးဆိုသော် လည်း ညောင်ဦးဒေသတွင်တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧက သွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြသည်။ မိုးစပါး စိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက် တောင်သူများကရှင်းပြသည်။
ညောင်ဦးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးခြင်းအား ငါ့သရောက်မြစ်ရေတင်ဖြင့် ၁၂၉ ဧက၊ လက်ပံ ခြေပေါ်မြစ်ရေတင်ဖြင့် ၈၅ ဧက၊ သူကောင်းတည်မြစ်ရေတင်ဖြင့် ၆၅ ဧက၊ ကျောက်ကူးမြစ်ရေတင်ဖြင့် ၁၆၀ ဧကနှင့်လောကနန္ဒာမြစ်ရေတင်ဖြင့် ၃၄၆ ဧကစိုက်ပျိုးလျာထားစိုက်ပျိုးလျက်ရှိရာ ရာခိုင်နှုန်းပြည့်စိုက်ပျိုးပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း