တပ်ကုန်းမြို့နယ်၌ ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၁၀ ရာခိုင်နှုန်းပြီးစီး

တပ်ကုန်း စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာနှင့် အိုင့်ကျယ်ကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်များဆောက်လုပ်လျက်ရှိရာ စာကြည့်တိုက်အဆောက်အဦသစ်များကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းတို့က စာကြည့်တိုက်အဆောက်အဦသစ်များအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါကျေးရွာများတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေများဖြင့် သဖန်းချောင်းကျေးရွာ၊ ကျေးရွာပိုင်မြေတွင် အလျား ၂၀ ပေ၊ အနံ ၂၁ ပေရှိ တစ်ထပ်၊ ၁၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အိုင့်ကျယ်ကျေးရွာတွင် အလှူရှင် ဦးမောင်လှိုင်+ ဒေါ်ပျိုတင် မိသားစုမှ လှူဒါန်းမြေဖြစ်ပြီး၊ အလျား ၂၀ပေ၊ အနံ ၂၁ ပေရှိ တစ်ထပ်၊ ၁၀ ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။

တင်စိုးလွင်