နေပြည်တော် စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် စာကြည့်တိုက်များဆောက်လုပ်လျက်ရှိရာ ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးဟန်သူသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်နှင့် စည်ပင်သာယာကျေးရွာတို့တွင် စာကြည့်တိုက်ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်ရေမြင့်တက်၍ မြစ်ဘေးရှိအခြေခံပညာကျောင်းများသို့ ရေများဝင်ရောက်နေသည့် စည်ပင်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ချောင်းကမ်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီဝင်များမှ ကျောင်းအတွင်းဝင်ရောက်နေသောရေများ အမြန်ဆုံးပြန်လည်ကျဆင်းရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေများကျဆင်းသွားပါက ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာလှပရေး အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခေတ္တကျောင်းပိတ်ထားခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ရိုးညွှန်းတန်းများ ပြည့်မီအောင်သင်ကြားနိုင်ရေးအတွက် ပြန်လည်အစားထိုးကုစားသင်ကြားနိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ယခုလက်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ သင်ကြားနေသော အတန်းငယ်များအား လိုက်လံကြည့်ရှုရာ ဆရာ/ ဆရာမများအနေဖြင့် နေရာအကျယ်အဝန်းကျဉ်းသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်သင်ကြားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းဝန်းအတွင်း ရေများပြန်လည်လျော့ကျလာပါက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများနှင့် ပြည်သူများစုပေါင်း၍ ကျောင်းဝန်းအတွင်း သန်းရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခြင်၊ ယင်များ မပေါက်ဖွားနိုင်အောင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ ဆရာ၊ ဆရာမများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်း စာသင်ကြားနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ရုံးပင်ဇောင်း အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၊ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းဝန် အတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းကျန်းမာရေးအတွက် လိုအပ်သည်များဆောင်ရွက်ရန်မှာကြားပြီး ကျောင်းစာကြည့်တိုက်အား စာအုပ်များလှူဒါန်းခဲ့သည်။
ယခု မြစ်ရေမြင့်တက်မှုကြောင်း စည်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) grade 10,11,12 မှ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦးအား စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်ကောင်း၊ ချောင်းကမ်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂၃ ဦးအား ချောင်းကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း သင်ကြားရေးနောက် ကျမှုမရှိစေရေးအတွက် ရွှေ့ပြောင်းပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)