မြစ်ကြီးနား စက်တင်ဘာ ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ပေးအပ်မှုများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း (၄)ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယခုအချိန်ကာလသည် ဒေသအခြေအနေအရ မော်တော်ယာဉ်လမ်းများပိတ်ပြီး ကုန်ဈေးနှုန်းမြင့်မားနေချိန်ဖြစ်သည့်အတွက် ဝန်ထမ်းများ တစ်ဖက်တစ်လမ်းက အထောက်ကူဖြစ်စေရေး၊ ဝန်ထမ်းများအနေဖြင့် နေ့မအား၊ ညမနား အားကျိုးမာန်တက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် အလုပ်ကြိုးစားဆောင်ရွက်မှုကိုလည်း အသိအမှတ်ပြုသည့်အနေဖြင့် အခြေခံစားသောက်ကုန်အပါအဝင် အခြားလိုအပ်ချက်များကိုလည်း အခါအားလျော်စွာ ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နောင်များတွင်လည်း အလျဉ်းသင့်သလို ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း အချင်းချင်း ချစ်ခင်စည်းလုံးစွာ၊ ပျော်ရွှင်စွာဖြင့် ယခုထက်ပိုပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးစားထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။
ဆက်လက်၍ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့က ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းများ၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း ဝန်ထမ်းဦးရေ (၄၄၂)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၂၄)ပြည် အိတ် (၁)အိတ်၊ ဆီ (၂)ပိဿာ၊ အာလူး (၁)ပိဿာ၊ ကြက်သွန်ဖြူ (၅၀)ကျပ်သားစီနှင့် ဂျုံခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက မြစ်ကြီးနားခရိုင်အတွင်း ဖြန့်ဖြူးသွားမည့် စားအုန်းဆီပိဿာ(၂,၅၀၀)ကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ဝန်ကြီး ဦးတိန့်ဆောင်က ပူတာအိုခရိုင်အတွက် ဖြန့်ဖြူးသွားမည့် စားအုန်းဆီပိဿာ(၂,၅၀၀)ကိုလည်းကောင်း ခရိုင်ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ ပေးအပ်ကြရာ ထောက်ပံ့ပေးအပ်မှုအတွက် ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့သည်။
ထို့အပြင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချူပ်၏ ဇနီးနှင့် တာဝန်ရှိသူများကလည်း အဆိုပါခန်းမ၌ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအား တွေ့ဆုံအားပေး၍ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေရေး နှစ်စဉ်အခါကြီးရက်ကြီးများအပါအဝင် အခါအားလျော်စွာ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ယနေ့ ထောက်ပံ့ပေးအပ်မှုသည် (၄)ကြိမ်မြောက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)