ကိုကိုးကျွန်းမြို့နယ်တွင် အ​​ငြိမ်းစားပင်စင်စားများ၊ သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

ကိုကိုးကျွန်း စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးခြင်းကို လစဉ် လဆန်း(၃)ရက်နေ့တိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနမှ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နိုင်ငံဝန်ထမ်း အငြိမ်းစားပင်စင်စားများနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သက်ကြီးဘိုးဘွားများနေထိုင်ရာသို့ အိမ်တိုင်ရာရောက် ဆေးရုံမော်တော်ယာဉ်ဖြင့် တစ်အိမ်တက်ဆင်းလိုက်လံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

အခမဲ့ကျန်းမာရေးစစ်ဆေးပေးရာတွင် ကိုကိုးကျွန်းမြို့နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်ကြီး ဒေါက်တာသုတအောင်ဦးဆောင်၍ သူနာပြုများ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများကို သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့်အခြားရောဂါများကိုပါ စမ်းသပ်ပေးပြီး ရောဂါလက္ခဏာများအလိုက် လိုအပ်သည့်အားဆေးနှင့် အခြားလိုအပ်သည့်ဆေးဝါးများကိုအခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားပင်စင်စားများနှင့်သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်ဆေးနေမူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းမင်းနှင့် စီမံအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး ဘိုးဘွားများနှင့်တစ်ဦးခြင်းစီ၏ ကျန်းမာရေးကိုမေးမြန်းပြီး လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံမော်တော်ယာဉ်ဖြင့် အိမ်အရောက် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)