တောင်ကြီး စက်တင်ဘာ ၃
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) ကို စက်တင်ဘာလ (၂) ရက်နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူများတင်ပြလာသည့် မြေယာကိစ္စရပ်များနှင့် မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ကိစ္စများကိုလည်း အဖွဲ့ဝင်များမှ တင်ပြလာသည့် လုပ်ငန်းအမျိုးအစားအလိုက် ခွင့်ပြုသင့်/မသင့် အကြံပြုပေးကြရန် ပြောကြားလိုကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် လယ်ယာမြေ ဥပဒေနည်း ဥပဒေ၊ မြေလွတ်၊ မြေရိုင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကို အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားရယူခွင့်ပြုပေးသလို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကို အမြန်ဆုံး ထောက်ခံတင်ပြ ဆောင်ရွက်နေကြောင်း ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေရိုင်းများအား ရာသီသီးနှံ၊ နှစ်ရှည်၊ ကော်ဖီ၊ မက္ကာဒေးမီးယား၊ ထောပတ်နှင့်အခြား ဈေးကွက်ဝင် ဥယျာဉ်သီးနှံများ စိုက်ပျိုးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားလာပါက အမြန်ဆုံး စိစစ်ထောက်ခံပေးခြင်း၊ ခွင့်ပြုပေးခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များအား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ဆုံးဖြတ်ချက်များအား ဖတ်ကြားပြီးတက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အတည်ပြုပေးကြသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တင်ပြချက် များဖြစ်သည့် သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခွင့် လျှောက်ထားခြင်း၊ ပုံစံ(၇) ပြင်ဆင်လျှောက်ထားခြင်း၊ လုပ်ငန်းပြောင်း လျှောက်ထားလာခြင်းကိစ္စ၊ အခြားတင်ပြချက်၊ ၃၀(ခ)မြေယာ အယူခံဆုံးဖြတ်မှုများအား ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) တင်ပြချက်များအား ဆွေးနွေး၍ မြေယာအယူခံအမှုတွဲအား ဆွေးနွေးဆုံးဖြတ်ပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)