မိုးနဲမြို့နယ်၌ မိုးမြေပဲယှဥ်ပြိုင်စမ်းသပ်ကွက်များ ရိတ်သိမ်းရာ ဆင်းပဒေသာ-၁၆ မျိုးကို တောင်သူများ ပိုမိုနှစ်သက်

မိုးနဲ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ လွယ်ယုကာကျေးရွာနေ တောင်သူလုံးပုံည၏ ယာခင်းနေရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနနှင့်‌ တောင်သူများပူး‌ပေါင်းကာ မေလနောက်ဆုံပတ်ကစိုက်ပျိုးခဲ့သည့် ဒေသနှင့်ကိုက်ညီမှုရှိမည့် မြေပဲမျိုး ၆ မျိုး ကိုယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ယမန်နေ့နံနက် ၈ နာရီအချိန်က စမ်းသပ်ကွက်များကို ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာ‌တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများ၊ လွိုင်ချိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး လုံးပုညနှင့် စမ်းသပ်ကွက်စိုက်ပျိုးထားသူ တောင်သူများက သတ်မှတ်စံနှုန်းဖြင့် စံကွက်ရိတ်သိမ်းခဲ့ရာ တောင်သူများ ကိုယ်တိုင်မျိုးရွေးချယ်စမ်းသပ်စိုက်ပျိုးခဲ့သော ဆင်းပဒေသာ(၁၁-၁၄-၁၅-၁၆)၊ YZG-20042 မျိုးတို့မှာ စံထားစိုက်ပျိုးသည့် ဒေသမျိုးရင်း(ဂျပန်ကလေး)ထက် ထွန်နှုန်းပိုမိုကောင်းမွန်ခြင်း၊ ရောဂါကျရောက်မှုမရှိခြင်းတို့‌ကြောင့် တောင်သူများကြိုက်နှစ်သက်ကြပြီး ယှဉ်ပြိုင်စမ်းသပ်ကွက်များအနက် ဆင်းပဒေသာ-၁၆ မျိုးသည်အပင် ပေါက်ရာခိုင်နှုန်းကောင်းခြင်း၊ တစ်ပင်ပါသီးတောင့်ပိုမိုခြင်းနှင့် အထွက်နှုန်းအမြင့်မားဆုံးဖြစ်ခြင်းတို့ကြောင့် တောင်သူများ ဆင်းပဒေသာ-၁၆ မျိုးကို ပိုမိုကြိုက်နှစ်ကြောင်း စိုက်ပျိုးသူတောင်သူထံမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)