ကလော စက်တင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဓနုကိုယ်ပိုင်ခွင့်ရဒေသနှင့် ကလောခရိုင်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတေဇခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရာများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနဲ့ လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဋိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့မူဝါဒများ ချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြစ် သတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားတဲ့တာဝန်များကို မိမိတို့ရဲ့ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို ကလောခရိုင်လက်အောက်ရှိ ကလော၊ ညောင်ရွှေမှ သင်တန်းသား၊ သင်တန်းသူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပင်းတယနှင့် ရွာငံဒေသမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းသား(၃၀)ဦးကို နည်းပြဆရာ၊ ဆရာမ (၆)ဦးတို့ဖြင့် သင်တန်းကာလ (၁၀)ရက်ကြား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)