နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက် ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ မြေကိုစနစ်တကျပြုပြင်ခြင်း၊ သွင်းအားစုများကို ပြည့်မီစွာ ထည့်သွင်းခြင်း၊ အောင်ရေရရှိရေး ဆောင်ရွက်ခြင်းတို့ဖြင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် အစီအမံများ စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ အမျိုးသားရေး ရည်မှန်းချက်တစ်ခုအနေဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများအား အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီမံဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ နို့စားနွားမွေးမြူမှုနှင့် အသားတိုးနွား မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းထွက်ရှိသည့် နို့ထွက်ပစ္စည်းများကို အဆင့်မြင့်နို့ထွက်ပစ္စည်းများအဖြစ် ထုတ် လုပ်နိုင်ရေး၊ သားငါးကဏ္ဍကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့် အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ စားရေရိက္ခာများ ဖူလုံမှာဖြစ်ကြောင်း၊ စားသောက် ကုန်ပစ္စည်းများကို ဒေသအတွင်း လုံလောက်စွာထုတ်လုပ်နိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဖြစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး ပညာပေးအစီအစဉ်များ၊ အရေးယူ ဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းနေနိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အားကစားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့်သန်းခေါင်စာရင်း အိမ်အကြောင်းအရာများကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကောက်ယူသွားမည်ဖြစ်ရာ မဲစာရင်းများ မှားယွင်းမှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ဆန္ဒမဲပေးချိန်တွင်လည်း မှန်မှန်ကန်ကန်ဖြစ်စေရေး တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒိယ မထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ကိုးပါးသီလခံယူဆောက်တည်ကာ ဝါဆို၊ ဝါကပ်ကြမည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကာဘော်လစ် ဆပ်ပြာခဲများ၊ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် စည်ပင်ကြီးကျေးရွာတွင် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်းတို့မှ ရေများမြင့်တက်ခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ်များနှင့် လယ်ယာမြေများ ရေနစ်မြုပ်ခဲ့မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂန္ဓမာအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆို၊ ဝါကပ်ကြမည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စည်ပင်ကြီးကျေးရွာမှ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်ကြသည့် ပြည်သူများအား နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ပြည်သူများအား အားပေးစကားပြောကြားကာ နှားခေါင်းစည်း Mask များနှင့် ကာဘော်လစ်ဆပ်ပြာခဲများ ပေးအပ်သည်။
ထို့နောက် ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ရေတွင်း၊ ရေကန်များအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါပိုး မဖြစ်ပွားစေရန်နှင့် ရေကြီးနစ်မြုပ်မှုကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပွား စေရေးအတွက် နေပြည်တော်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလိုရင်းဆေးများ၊ အဘိတ်ဆေးများ ဆေးခတ်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံမီးပွိုင့်အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပင်လောင်းလမ်းဆုံ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တစ်ဆက်တစ်စပ်တည်း စီးဆင်းစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)