နေပြည်တော် စက်တင်ဘာ ၃
မီးသတ်ဦးစီးဌာန၏ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးသင်တန်း (Road Traffic Accident-Vehicle Extrication) သင်တန်းအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ မီးသတ်စခန်းတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား နိုင်ငံတော်အတွင်း မော်တော်ယာဉ်သုံးစွဲမှု များပြားလာသည်နှင့်အမျှ နေ့စဉ်ဖြစ်ပွားလျက်ရှိသည့် ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်ခိုက်တိမ်းမှောက်မှု ဖြစ်စဉ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံတွင် မလေးရှားမီးသတ်နှင့် ကယ်ဆယ်ရေးဦးစီးဌာနမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ပြီး အပြည်အပြည်ဆိုင်ရာမှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်မည့် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးပြိုင်ပွဲ (Malaysia International Rescue Extrication Challenge) ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် မော်တော်ယာဉ်တစ်စီး၏ ဖွဲ့စည်းတည်ဆောက်ပုံများ၊ မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ်တွင် ကယ်ဆယ်ရေးဆောင်ရွက်ရမည့် အဆင့်အလိုက်လုပ်ငန်းများ၊ မော်တော်ယာဉ် တိမ်းမှောက်မှုပုံစံများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မည့် ကယ်ဆယ်ရေးအသင်းတွင် ပါဝင်မည့်တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များ၊ မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးလုပ်ငန်းတွင် အသုံးပြုမည့် ကယ်ဆယ်ရေးပစ္စည်း ကိရိယာများ အသုံးပြုပုံ၊ မော်တော်ယာဉ်ကို တည်ငြိမ်အောင်ပြုလုပ်ခြင်း(Vehicle Stabilization)၊ ယာဉ်အတွင်း ပိတ်မိ၊ ညပ်မိလူနာအား အရေးပေါ် ရှေးဦးကုသခြင်း နည်းစနစ်များ၊ လူနာကို တည်ငြိမ်အောင်ပြုလုပ်ခြင်း(Patient Stabilization)၊ မော်တော်ယာဉ်၏ လေကာမှန်၊ ဘေးမှန်များ ခွဲခြင်းနည်းစနစ်(Glass Management)၊ မော်တော်ယာဉ်၏ ဘေးတံခါးများ၊ အမိုးများကို ဖြတ်တောက်ဖယ်ရှားခြင်း (External Space Creation)၊ ညပ်မိလူနာအား ကယ်ထုတ်ရန်အတွက် မော်တော်ယာဉ်အတွင်းရှိ လိုအပ်သည့် အစိတ်အပိုင်းများကို ဖြတ်တောက်ဖယ်ရှားခြင်း (Internal Space Creation)၊ မော်တော်ယာဉ် အတွင်းမှလူနာအား ပြင်ပသို့ နည်းစနစ်တကျရွှေ့ထုတ်ခြင်း (Patient Extrication) စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်ပြီး မော်တော်ယာဉ်တိုက်ခိုက် တိမ်းမှောက်မှု ပုံစုံတစ်ခုချင်းစီအလိုက် ဖြစ်စဉ်ဖွင့်၍ အသင်းလိုက် ကယ်ဆယ်ခြင်းပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းနှင့် မီးသတ်ဦးစီးဌာနရှိ အရာရှိများမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း နယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၅၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ အရာရှိများ၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ အရာရှိများ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)