လိပ်သို စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကော်ဖီစိုက်ပျိုးသူများနှင့် စတင်စိုက်ပျိုးသူ ဒေသခံတောင်သူများသည် ယခုနှစ် စိုက်ပျိုးရာသီ ဇွန်လမှ စတင်၍ စက်တင် ဘာလဆန်းအထိ ရိုဘတ်စတာ (Robusta) ကော်ဖီမျိုးပင်များကို ကြိုးပမ်းရှာဖွေတိုးချဲ့စိုက်ပျိုးနေလျက်ရှိကြကြောင်း သိရသည်။
ယခင်နှစ်များက ဒေသတွင်းတွင် ကော်ဖီစေ့တစ်ပိဿာကို (၅၀၀ဝိ/-) ကျပ်သာ ဈေးရရှိခဲ့ကြပြီး ယခုနှစ်တွင် (၂၃၀၀ဝိ/-) ကျပ်အထိ ဈေးရရှိခဲ့သည့်အပြင် ဈေးကွက်ခိုင်မာ မှုရှိခြင်း၊ ဒေသတွင်း ကုန်ချောထုတ်လုပ် ရောင်းချလာနိုင်ခြင်းတို့ကြောင့် ကော်ဖီသီးနှံကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။
ကော်ဖီပင်များကို ယခင်စိုက်ပျိုးပြီးသူများက တိုးချဲ့စိုက်ပျိုးလာခြင်း၊ ယခုနှစ်တွင် စတင်စိုက်ပျိုးသူများ တိုးပွားလာခြင်း၊ ပျိုးပင်များ ပျိုးထောင်ရောင်းချသူ မရှိခြင်းနှင့် ပျိုးပင်များ အချိန်မီ လုံလောက်စွာမရရှိခြင်းကြောင့် မိမိတို့၏ ကော်ဖီခြံများမှ ကြွေကျပြန်ပေါက်သော အပင်ပေါက်များကို အချိန်မီ ရှာဖွေနှုတ်ယူပြီး ပြန်လည်စိုက်ပျိုးနေကြရကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)