ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တောင်ကြီး စက်တက်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန်၊ ဘဝပေးအခြေအနေအရ ကလေးအလုပ်သမားအဖြစ် ရုန်းကန်နေရသော ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ထိခိုက်မှုမရှိစေရန်နှင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားခွင့်ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရန် ဘဝပေးအခြေအနေအရ ကလေးအလုပ်သမားအဖြစ် ရုန်းကန်နေရသော ကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ထိခိုက်မှုမရှိစေရန်နှင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာသင်ကြားခွင့် မရှိခြင်းကြောင့် အနာဂတ်အတွက် စိုးရိမ်ဖွယ်ဖြစ်နေခြင်းများကို မိဘများကိုယ်တိုင် သိရှိသဘောပေါက်စေရန် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေး အမျိုးသားအဆင့် ဒုတိယငါးနှစ် စီမံကိန်း၏ ပထမနှစ်ဖြစ်သော (၂၀၂၄-၂၀၂၅ ခုနှစ်) ၏ ရည်မှန်းချက်များမှာ ခိုင်မာတိကျသော အခြေခံအချက် အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းတို့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်စီမံချက်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး ကာလတို (၅) နှစ် စီမံကိန်း (၃) ကြိမ်၊ ကာလရှည် (၁၅) နှစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆောင်ရွက်ရန် လျာထားချက်များကို ယခုအစည်းအဝေးတွင် သက်ဆိုင်ရာလုပ်ငန်း ကော်မတီအလိုက် တင်ပြဆွေးနွေးရန် လိုအပ်ပါကြောင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်ထွေးအိခိုင်က ဆွေးနွေးတင်ပြပြီး ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ (၈) ခု၏ အတွင်းရေးမှူးများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးခြင်းကို ဆက်လက်ဆောင်ရွက်ကြပြီး ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)