နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ခရမ်းကိုင်းကွင်း၊ ဧက (၂၀၀) ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည့် မိုးစပါးအတွက် ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပြီး နေပြည်တော်တစ်ဝန်းလုံးမှာ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ လယ်ဝေးမြို့နယ်မှာ ချောင်းမငယ်၊ ပေါင်းလောင်း၊ မဒန်းနှင့် ငလိုက်ဆည်ရေများအသုံးပြုပြီး စိုက်ပျိုးနေတဲ့ ရေသောက်ဧရိယာအများဆုံး အသုံးပြုစိုက်ပျိုး နေကြကြောင်း၊ ယခု မိုးစပါးစိုက်ပျိုးထားတဲ့ လယ်များသည် တတိယသီးနှံ နွေစပါးရိတ်သိမ်းပြီး မူရင်းသီးနှံ မိုးစပါးစိုက်ပျိုးတာဖြစ်တဲ့အတွက် သီးနှံပုံစံမှန် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တတိယသီးနှံ နွေစပါးမှာ သက်တမ်းတိုအထွက်ကောင်းမျိုးများ စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့တဲ့အတွက်(၃)သီး စိုက်ပျိုးနေတဲ့သီးနှံပုံစံဖြစ်ပြီး ဆည်ရေသောက်ဧရိယာများမှာ ယခုလို သီးနှံပုံစံဝင် စိုက်ပျိုးကြခြင်းဖြင့် သီးထပ်စိုက်ဧရိယာတိုးလာခြင်းနဲ့အတူ တောင်သူများရဲ့ တစ်ဧကဝင်ငွေ(၃)ဆ မြင့်မားလာမှာဖြစ်ကြောင်း၊ သီးနှံစိုက်စွမ်းအားလည်း(၃)ဆတိုးလာမှာဖြစ်ကြောင်း၊ နေပြည်တော်မှာ နိုင်ငံတော်မှ တည်ဆောက်ထားတဲ့ ဆည်ကန်များဖြင့် နွေသီးနှံများအတွက် စိုက်ပျိုးရေ လုံလုံလောက်လောက် ပေးဝေစိုက်ပျိုးပြီး ရိတ်သိမ်းနေကြတဲ့ကာလဖြစ်ကြောင်း၊ ယခုမိုးစပါးမှာလည်း ရေကိုလိုအပ်သလောက်သာ သုံးစွဲခြင်းဖြင့် လာမည့် နွေသီးနှံစိုက်ပျိုးရာသီမှာ သီးနှံများ လျာထားစိုက်ပျိုးကြရမှာဖြစ်ပြီး ဒေသစိမ်းလန်း စိုပြည်ရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ သောက်သုံးရေအတွက်လည်း ဖြည့်တင်းပေးခြင်းနှင့် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစသည်ဖြင့် အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ တခါတရံ မိုးကြီးခြင်းနှင့်အတူ စီးဆင်းရေများကြောင့် မြစ်ချောင်းများရေလျှံလာတတ်ပြီး ရေကြီးရေလျှံခြင်းများဖြစ်တတ်၍ အထူးသတိထားကြရန်လည်း အသိပေးလိုကြောင်း၊ အဓိကကတော့ ဆည်ရေကို အကျိုးရှိ စွာအသုံးချပြီး အလေအလွင့် မရှိစေရေးအထူး ဂရုပြုကြရန်လိုကြောင်း၊ မြန်မာနိုင်ငံသည် ဆန်စပါးကိုအဓိကစားသုံးသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စပါးသီးနှံကို မိုးနှင့် နွေရာသီတို့မှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ နွေစပါးသီးနှံမှာ ဆည်ရေလုံလောက်စွာ ရရှိစိုက်ပျိုးနိုင်မှသာ တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာတောင်သူများ ဝင်ငွေမြင့်မားလာမှာဖြစ်ကြောင်း၊ သီးနှံများအားလုံးအတွက် စိုက်ပျိုးထုတ်လုပ်ရာမှာ အရေးအကြီးအချက်များဖြစ်တဲ့ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာမှာ အလေအလွင့်အနည်းဆုံးနဲ့ ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုရေးတို့ လိုက်နာဆောင်ရွကရန် အထူးလိုအပ်ပါကြောင်း၊ ယခုခေတ်မှာ အချိန်ကို တန်ဘိုးရှိရှိ အသုံးချခြင်းဖြင့် လယ်ယာကဏ္ဍမှာ ချက်ချင်းသိသိသာသာ ပြောင်းလဲလာမှာဖြစ်ကြောင်း၊ အဓိကကတော့ မိုးစပါးမှာ မျိုးစေ့ကိရိယာ Seeder ၊ အခြောက်မျိုးစေ့ချစက်၊ ကောက်စိုက်စက်စသည့်ဖြင့် အသုံးပြုစိုက်ပျိုးကြရန် အထူးအလေးထားမှာကြားလိုကြောင်း၊ စက်ကိရိယာများအစားထိုး အသုံးပြုခြင်းဖြင့် သီးထပ်များ စိုက်ပျိုးလာနိုင်မှာဖြစ်ကြောင်း၊ မြေပြုပြင်သည်မှအစ ရိတ်သိမ်းခြင်းအထိ ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက် ကိုယ်တိုင်မျက်မြင်လေ့လာပြီးလည်းအသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ယခုနှစ်ဟာလည်း ရာသီဥတုပြောင်းလဲမှု သက်ရောက်နေတဲ့ နှစ်ဖြစ်တဲ့အတွက် စိုက်ပျိုးရေကို အလေအလွင့်မရှိ စနစ်တကျသုံးစွဲစိုက်ပျိုးကြဘို့ အထူးလိုအပ်ကြောင်း၊ ဆည်ကန်များမှာလည်း သတ်မှတ်ဧရိယာများအတိုင်း စိုက်ပျိုးနိုင်ရေး မိုးစပါးနှင့် မိုးသီးနှံများ လျာထားသတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ နေပြည်တော်မှာ ပေါင်းလောင်းဆည်၊ ချောင်းမငယ်၊ မဒန်းနှင့် သဲဖြူဆည်တို့မှာ မိုးရွာသွန်းမှုအားကောင်းနေတဲ့အတွက် ရေသိုလှောင်ထားရှိမှုများကြောင့် စိုက်ဧရိယာအပြည့်အဝကို လျာထားချက်အတိုင်း စိုက်ပျိုးနိုင်မှာဖြစ် ကြောင်း၊ နိုင်ငံတော်မှ တောင်သူများအတွက် အထူးအစီအစဉ်အဖြစ် ဆောင်ရွက်ပေးတဲ့ စပါးစိုက်ပျိုးထုတ်လုပ်ရာမှာ ယခင်နှစ်များနှင့်မတူ တစ်ဧကသတ်မှတ်အထွက်နှုန်းနှင့် စံအထွက်နှုန်းများထွက်ရှိအောင် အထူးအလေးထား ကြိုးစားဆောင်ရွက် စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရာမှာ မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်များလည်းကြုံတွေ့ရနိုင်ကြောင်း၊ အခုခေတ်မှာ IT ခေတ်ဖြစ်တဲ့အတွက် မိမိပိုင်ဖုန်းများဖြင့် သိရှိလိုသည်များ အချိန်မဆိုင်းရှာဖွေသိရှိနိုင်ကြောင်း၊ အမြင်ကျယ်ကျယ်ဖြင့် မိမိအကျိုး၊ မိမိဒေသကောင်းကျို ကြိုးစားဆောင်ရွက်ကြရင်း၊ တောင်သူများအတွက် လိုအပ်တဲ့ သွင်းအားစုများအား မိမိပိုင်လယ်ယာမြေများမှာ အကျိုးရှိရှိ အလေအလွင့်မရှိအသုံးပြုနိုင်ရေး အားသွန်ခွန်စိုက် သတိဝိရီယအပြည့်ဖြင့် စိတ်ကောင်းထားကာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ ဘက်စုံ၊ ကဏ္ဍစုံအားလုံးဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနေကြသော တောင်သူလယ်သမားများအား နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများမှလည်း အချိန်တိုင်း အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေမှာ ဦးစားပေးဆောင်ရွက်နေတဲ့ Green City, Clean City, Smart City ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိကျရာတာဝန်များမှ မိမိအတွက်၊ နိုင်ငံတော်အတွက် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး-၅ မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဆည်ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ဆည်ရေပေးဝေမှုအခြေအနေများအားလည်းကောင်း၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဦးမှ စက်ကိရိယာများသုံးစွဲနိုင်ရေး အခြေအနေများအားလည်းကောင်း၊ လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းက မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံ မိုးစပါးစီမံကိန်းအတွက် သွင်းအားစုများပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစု(န)ကျေးရွာ၊ ပလွေးချောင်း သို့ ရောက်ရှိရာ နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ကမ်းပြိုကာကွယ်ရေးအတွက် ယာယီကမ်းထိန်းနံရံဆောင်ရွက်ခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ၊ ဦးဌေးထက်၏ စပါးအခြောက်ခံစက်တွင် စပါးခွံ မှ Bio Char ပြုလုပ်နေမှုနှင့် စပါးအခြောက်ခံမှုအခြေအနေအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကန်လှကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာကို စနစ်တကျ အသုံးပြုပြီး သီးနှံများ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများ မိမိတို့ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ MYANMAR JEWELLERY E-COMMERCE ZONE ONLINE MARKET စီမံကိန်းဆောင်ရွက်နေသည့်နေရာသို့ရောက်ရှိရာ MYANMAR SECURE GROUP CO.,LTD. ဒါရိုက်တာ ဦးမိုးဇော်ဦးက MYANMAR JEWELLERY E-COMMERCE ZONE ONLINE MARKET စီမံကိန်းနှင့် ပတ်သက်သည့် တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းများတည်ဆောင်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်နေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူမျာသည် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာများအတွင်းရှိ ရေမြောင်းများကို နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ လုပ်သားများ၊ စက်ယန္တရားများဖြင့် ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ရေတင်ရေဝပ်ခြင်းများမဖြစ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့အတွက် ရေထွက်ပေါက်များ ထပ်မံဖော်ရန်၊ လက်ရှိဆောင်ရွက်ထားပြီးသော ရေမြောင်းများအတွင်း အမှိုက်နှင့်သဲနုန်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် ရေမြောင်း အတွင်းအပြင်တွင် ချုံနွယ်နှင့် အမှိုက်များမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းတစ်လျှောက် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က လုပ်ငန်းများအမြန်ပြီးမြောက်စေရေး စက်ယန္တရားများထပ်တိုး ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဥတ္တရသီရိမြို့နယ်၊ စက်စက်ယိုချောင်းအတွင်း ရေတိုက်စားမှုကြောင့် တင်ကျန်နေသည့် သဲသောင်ခုံများအား စက်ယန္တရားများဖြင့် ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရသည်။
မျိုးသီဟ(ပြန်/ဆက်)