ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေး

ရန်ကုန် စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက်(၁၁)နာရီက အင်းစိန်မြို့နယ် ပိန္နဲကုန်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းသွားရောက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဆရာဦးဟိန်းလတ်၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့ဝင် မြောက်ပိုင်းခရိုင်တာဝန်ခံဆရာ ဦးဘိုကြည်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး၊ မြို့နယ်စာကြည့်တိုက် တာဝန်ရှိသူများက ပိန္နဲကုန်းစာကြည့်တိုက်အခြေအနေအား ကြည့်ရှုခဲ့ကြပြီး ပိန္နဲကုန်းစာကြည့်တိုက်ဥက္ကဋ္ဌ ရန်မိုးအောင် (အင်းစိန်)က စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များက ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဆရာဦးဟိန်းလတ်က စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခဲ့ပြီး ပိန္နဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်က စာကြည့်တိုက်အတွက် အလှူငွေကျပ် (၁) သိန်းအား လှူဒါန်းရာ ပိန္နဲကုန်းစာကြည့်တိုက်ဥက္ကဋ္ဌ ရန်မိုးအောင်(အင်းစိန်)နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)