ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) ပေါ်ထွန်းလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၃၁

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) များ ပေါ်ထွန်းလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) များပေါ်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းစေရေးအတွက် လုပ်ငန်းများဖော်ဆောင်ရေးဆိုင်ရာ စီမံချက်(၂၀၂၄-၂၀၂၅)ကို ရေးဆွဲ အတည်ပြုပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပီပြင်စွာဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီအဖွဲ့ဝင်များ အနေ ဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် လိုက်လျောညီထွေစွာ ဖော်ဆောင်နိုင်ရေး လိုအပ်ချက်များအား အကောင်းဆုံးအကြံဉာဏ်ပေး၍ အလေးထားဆွေးနွေး သွားကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ပြည်နယ်အတွင်း စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံစံနှုန်း (၄)ချက်၊ အညွှန်းကိန်း (၁၇)ချက်တို့နှင့်အညီ ဖြစ်စေရေး စနစ်တကျ စိစစ်ရွေးချယ်နိုင်ရေး ရှင်းလင်းပြောကြားပြီး ကော်မတီအတွင်း‌ရေးမှူး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်စိုးက ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ၊ ဆုများစိစစ်ရွေးချယ် ပေးအပ်သွားမည့် အစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက ခရိုင်အလိုက်ကျောင်းများ စိစစ်ရွေးချယ်အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အနေဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများအား စိစစ်ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ပြီး ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်နယ်အဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(မြစ်ကြီးနား) အနေဖြင့် ပြည်နယ်အဆင့် ပထမဆု၊ အမျိုးသားအဆင့် (ပထမဆု)တို့အပြင် အာဆီယံအဆင့်တွင်လည်း ဆုရှိခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်