ကော့သောင်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကျင်းပ

ကော့သောင်း  ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၈) ရက်နေ့၌ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ ကျင်းပခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယ‌နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်ပြိုင်ပွဲများကျင်းပရာ‌၌ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် "စာတတ်မြောက်ရေးသင်ကြားပေး မနှေးဆောင်ရွက်တိုင်းပြည်အတွက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "ဘဝပန်းများပွင့်လန်းစေချင် စာကိုသင်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းနှင့်အလယ်တန်းအဆင့်ပိုစတာပြိုင်ပွဲတွင် "စာပေတတ်မှ ဘဝမြတ်လိမ့်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် "စာတတ်မြောက်မှုအစဉ်ရှေးရှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် "အနာဂတ်ဘဝတွေသာယာဖို့ စာမတတ်သူဝိုင်းကူစို့" ခေါင်းစဉ်များဖြင့် ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ  ကျောင်းသား၊ကျောင်းသူ (၂၃၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများမှဆုရရှိသူများအား စက်တင်ဘာ (၈)ရက်နေ့၌ ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပမည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)