ငါန်းဇွန်မြို့နယ်တွင် မိုးစပါးစံပြကွက်များအား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ငါန်းဇွန်   ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင် အထွက်နှုန်း ရရှိနိုင်ရေးအတွက် မိုးစပါးစံပြကွက်များအား တောင်သူများမှ ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၁၅/၁၅၄၈)၊ ဦးပိုင်အမှတ်(၅၉)၊ တောင်သူဦးကြံတိုင်းအောင်၏ မိုးစပါးစိုက်ခင်း(၅)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးစပါးစိုက်တောင်သူများက အဆိုပါ မိုးစပါးစိုက်ခင်း၌ ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းမှ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဧကပန်းတိုင်အထွက် ရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စပါးပင်၏ သက်တမ်းအလိုက် ဓာတ်မြေဩဇာ လိုအပ်ချက်များကို အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး သဘာဝမြေဩဇာများနှင့် ရောနှော၍ စနစ်တကျ အသုံးပြုရန်နှင့် ပိုးရောဂါကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊   ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်  မိုးစပါးစိုက်တောင်သူများ   စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)