မြိတ် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရန်အတွက် ယမန်နေ့က မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲကို အဆို၊ အက၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ဒိုင်အဖွဲ့ဝင် ဦးအေးစိုးက ပြောကြားသည်။ ထိုနောက် မြိတ်တက္ကသိုလ် အနုပညာအသင်းက "နှလုံးသားကိုအလှဆင်ပါ" တေးသီချင်း သီဆိုခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ စတင်ခဲ့သည်။
အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး၊ အကပြိုင်ပွဲတွင် တပင်တိုင်အက၊ အတီးပြိုင်ပွဲတွင် စန္ဒယားပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပခဲ့ရာ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်မောင်မယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအား အမှတ်တရလက်ဆောင်၊ ဆုရရှိသောပြိုင်ပွဲဝင်များအား ဆုတံဆိပ်များနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)