ရန်ကုန် ဩဂုတ် ၃၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်းနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မိုးရာသီ အတ္ထုပ္ပတ္တိစာပေ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ စာပေဥယျာဉ်အသင်းနာယက ဦးရန်နောင်(ရန်နောင်- ပညာရေး)၊စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့်-ငှက်ဖျား)တို့က အမှာစကား အသီးသီး ပြောကြားပြီး စာပေဥယျာဉ်အသင်းနှင့် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)က မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေး ထင်းရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ စာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်စာရေးဆရာအသင်းနှင့် စာပေဥယျာဉ်အသင်း အသင်းဝင်များဖြစ်ကြသည့် စာရေး ဆရာ ရန်မိုးအောင်(အင်းစိန်)က လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ မောင်သာတင့် (မြန်အောင်)က ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အကြောင်း၊ မောင်ပန်းဝေ(ညောင်တုန်း)က အမျိုးသားစာပေတစ်သက်တာ စာပေဆုရှင် ဒေါက်တာ သန်းဦးအကြောင်းနှင့် စာရေးဆရာမ ငြိမ်းဆုသွယ်(မြေလတ်သူ)က ဂန္တဝင်အနုပညာရှင်ကြီး ဘဘဦးသုခအကြောင်းတို့ကို စိတ်ဝင်းစားဖွယ် မှတ်သားအတုယူဖွယ်ရာများကို ပြောကြားခဲ့ ပြီးနောက် တက်ရောက်လာကြသော စာရေးဆရာများဖြစ်ကြသည့် စိန်ညိုမင်း(ထန်းတပင်)၊သက် လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊အောင်ငယ်စစ်(အင်းစိန်)နှင့် ရွှေဘုတ်(အင်းစိန်)တို့က သိလိုသည်များကို မေးမြန်းဆွေးနွေး အမြင်ချင်းဖလှယ်ကြပြီး အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မှုခင်း)က နိဂုံးချုပ် စကားပြောကြားကာ ဦးဆောင်ဆွေးနွေးသူများကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား တက်ရောက်လာကြသူများက စိတ်ပါဝင် စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို