နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲနှင့် ကျေးလက်စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းပွဲတက်ရောက်

တပ်ကုန်း ဩဂုတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့်ကျေးလက်စာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မိမိဒေသအတွက် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေရရှိမှုဟာ ကျေးရွာပြည်သူလူထု ညီညွတ်မှုအားကောင်းသည့်အတွက် ဖွံ့ဖြိုရေးရန်ပုံငွေရရှိတာဖြစ် ပါကြောင်း၊ မြို့နယ်အတွင်းမှာလည်း ကျေးရွာစာကြည့်တိုက် ၁၀ တိုက် ဆောက်လုပ်ဖို့ရှိပါကြောင်း၊ ကလေးများ ဗလငါးတန်ဖွံ့ဖြိုးဖို့အတွက် စာကြည့်တိုက်များ တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ သုတရသနှင့်ပတ်သက်သည့် ကျန်းမာရေးနှင့်ဗဟုသုတစာအုပ်စာစောင်များ ပိုမိုဖတ်ရှု လေ့လာစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ကျေးရွာ ၁၃ ရွာအတွက် ငွေကျပ် ၁၉၅ သန်း၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာသုံးရွာအတွက် ငွေကျပ် ၉၀ သန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဝင် ကျေးရွာနှစ်ရွာအတွက် ငွေကျပ် ၆၀ သန်းတို့ကို သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်၍ လည်းကောင်း၊  ကျေးလက်စာကြည့်တိုက်များ အတွက် ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ မြို့နယ် MSME အသင်းမှ လှူဒါန်းသည့် ပလတ်စတစ်ထိုင်ခုံ ၇၇ လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လက်ခံရယူခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ရပ်ကွက်၊ ကျေးရွာများ လုံခြုံအေးချမ်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို  တောင်သူများ နှစ်သီးစားစိုက်နိုင်တဲ့အပြင် သုံးသီးစား တိုးချဲ့စိုက်ပျိုးနိုင်ရေး ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များသည် ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ ဘဒ္ဒန္တဝဏ္ဏာရဟအား ဖူးမြော်ကြည်ညိုပြီး ကျောင်းတိုက်နေသံဃာတော်များနှင့်ဝါတွင်းကာလ ဆွမ်းခံသံဃာတော် အပါး ၅၀၀ ပါးကျော် အာရုဏ်ဆွမ်းအတွက် ဝတ္ထုငွေ ငါးသိန်းကျပ်အား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူသူငြိမ်းတို့နှင့်အတူ  ဒရောက်ကူးကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်သည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်