တာမွေ ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်း/ နယ်ဝေးခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၄/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်များ၏ ယာဉ်စည်းကမ်းဖောက်ဖျက် ကျူးလွန်မှုများအား ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ ထိရောက်သည့် ပြစ်မှု၊ ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေသည့် အခြေအနေများ၊ YBS ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ၊ YBS ယာဉ်များပေါ်တွင် YPS ကတ်စနစ်အပြင် မိုဘိုင်းဖုန်းမှတစ်ဆင့် QR Code စနစ်ဖြင့်ပါ အလွယ်တကူ ယာဉ်စီးခပေးချေနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ကုန်မြို့တွင်းသွားလာနေသည့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်သွားလာစေရေး ကြပ်မတ်ဆောင်ရွက်နေမှုများ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သော YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးနေသည့် အခြေအနေများ၊ YBS ယာဉ်မောင်းများအား စိစစ်ခန့်အပ်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)၏ ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)