လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် ခရိုင်အဆင့် နည်းပြခန့်အပ်တာဝန်ပေးအပ်ပွဲကျင်းပ

မန္တလေး ဩဂုတ် ၃၁

၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲနှင့် ခရိုင်အဆင့် နည်းပြ ခန့်အပ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေသာစံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်က အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ခရိုင်အဆင့်နည်းပြအဖြစ် တာဝန်ပေးခန့်အပ်လွှာများကို တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းပေးအပ်ကြသည်။

အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာ အောင်ဆွေ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးစီးမှူး၊ ဒုတိယခရိုင် ဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)