ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ပြီး အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ သန်လျင်ခရိုင် ပညာရေးမှူး ဦးစိုးနိုင်နှင့် သန်လျင်မြို့နယ် ပညာရေးမှူး (တာဝန်ခံ) ဦးစိုးဝင်းကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ကျောင်းဝင်းအတွင်း ခင်းကျင်းထားသော စာအုပ်ဆိုင်များ၊ ဂိမ်းကစားနည်းများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့က ခင်းကျင်းပြသထားသော ပြခန်းများ၊ စာအုပ်ပြပွဲ ဓာတ်ပုံနံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အခမ်းအနားကို ရတနာရှင်းသန့်ခန်းမ၌ ကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (သန်လျင်) မှ ကျောင်းသား/ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက် သီချင်းဖြင့်လည်းကောင်း၊ မြန်မာ့ကျောင်သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်အတူ အလှူငွေ၊ စာအုပ်စာစောင်များ လှူဒါန်းလက်ခံခြင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် ဟောပြောမည့် ရုပ်ရှင်ဇာတ်ညွှန်းစာရေးဆရာ မင်းတခေတ်အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် ရုပ်ရှင်/ဇာတ်ညွှန်းစာရေးဆရာ မင်းတခေတ်က ဟောပြောသည်။ ထို့နောက် TTEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရမြန်မာ၊ ကွမ်းခြံကုန်းအလကနှင့် မြယာရိုးအထကခွဲတို့မှ ကျောင်းသားကျောင်းသူလေးများက နှလုံးသားကိုအလှဆင်ပါ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (သန်လျင်)မှ ကျောင်းသား/ကျောင်းသူလေးများက ဦးရွှေရိုးဒေါ်မိုး၊ အခြေခံပညာအထက်တန်းကျောင်း(ကုန်းဆိပ်ကြီး)မှ တပင်တိုင်အက၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (သန်လျင်) မှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)