ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

ဘားအံ ဩဂုတ် ၃၀

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျရောက်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ဘားအံမြို့၊ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ယနေ့နံနက် ၉:၃၀ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ဥပဒေရေးရာဝန်ကြီးဌာန သည် ယခင်ပြည်ထောင်စုရှေ့နေချုပ်ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ ရက်စွဲပါအမိန့်အမှတ် ၁၇၆/၂၀၂၁ အရ ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်အချုပ်အခြာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် ဥပဒေဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်အောင် ဆောင်ရွက်နေသည့်ဌာနဖြစ်ကြောင်း၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများတွင် သီးခြားစီ ကျင်းပပြုလုပ်ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦးက နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ၏လှုပ်ရှားဆောင်ရွက်မှုများ မှတ်တမ်း Video Clip ကို ပြသခဲ့ရာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများက ကြည့်ရှု့အားပေးခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဒုံးအကဖြင့် ကပြဖျော်ဖြေပေးသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦး၊ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် စုပေါင်းကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် တရားလွှတ်တော်၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဧည့်သည်တော်များ၊ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ (၂၇)ဦးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးရှိ ဝန်ထမ်း (၂၉)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)