ကျောက်ဆည် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရေး မတ်ပဲများဝယ်ယူ၍ ပဲပင်ပေါက်ပြုလုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရပြီး အဆင်ပြေလျက်ရှိကြောင်း ရှိရသည်။
ပဲပင်ပေါက်ပြုလုပ်ရောင်းချခြင်းများနှင့်ပတ်သတ်၍ ပဲပင်ပေါက်ပြုလုပ်ရောင်းချသည့် ရန်ပုံနှစ်ကျေးရွာမှ ဒေါ်ဌေးမြင့်က အောင်မြင်သည့် မတ်ပဲများ ရွေးချယ်သန့်စင်၍ (၉)နာရီခန့်ကြာသည့်တိုင်အောင် မြေအိုးများ၌ရေစိမ်ထားရကြောင်း၊ ထိုသို့ရေစိမ်ထားခြင်းဖြင့် ပဲစေ့အခွံများပွလာပြီး အညှောင့်ဖောက်သည့် တောင်းအတွင်းသို့ ပြောင်းရွေ့ထည့်ကာ ရေစိုအဝတ်ဖြင့် လေလုံစွာအုပ်ထားရပြီး ပဲစေ့များအညှောက်ပေါက်မြန်စေရန် ဖုံးအုပ်ထားသည့်အဝတ်များကို ဖယ်ရှားပြီး တစ်နေ့(၃)ကြိမ် ရေဖျန်းပေးရကြောင်း၊ ထိုသို့(၄)ရက် အကြာ ရေဖျန်းခြင်းများ ပြုလုပ်ပြီးပါက ရောင်းတန်းဝင်ပဲပင်ပေါက်များ ရရှိကြောင်းပြောပြသည်။
ပဲပင်ပေါက်များ ရောင်းချရာတွင် အညှောင့်ပေါက်ပဲပင်များအား တိုက်ရိုက်ပြုလုပ်ရောင်းချခြင်းများ ပြုလုပ်နိုင်သည့်အပြင် စဉ့်အိုးများတွင်အချဉ်တည်ပြီး ပြုလုပ်ရောင်းချခြင်းများလည်းရှိကြောင်း၊ မတ်ပဲတစ်ပြည်ဝယ်ယူ၍ ပဲပင်ပေါက်ပြုလုပ်ပြီး ရောင်းချပါက အမြတ်ငွေ(၄၅၀၀)ကျပ်ခန့် ရရှိပြီး အချဉ်တည်၍ ပြုလုပ်ကာရောင်းချပါက အမြတ်ငွေ(၇၀၀၀)ကျပ်ခန့်ရရှိကြောင်း ပဲပင်ပေါက်ပြုလုပ်ရောင်းချသူများ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)