ညောင်ဦးမြို့နယ်၌ မြေပဲဧက ၁၁၆၅၈၈ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ မိုးလယ်မိုးရွာသွန်းမှုကောင်းခြင်းကြောင့် မြေပဲများ အောင်မြင်ဖြစ်ထွန်းနေကာ မြေပဲစိုက်ပျိုးတောင်သူများ နုတ်သိမ်းချိန်အထွက်နှုန်းကောင်းရန်မျှော်လင့်

ညောင်ဦး ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ စိုက်ပျိုးထားသည့် ပင်ပြန်မြေပဲ၊ ပင်ထောင်မြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းနှင့် ငါ့သရောက်မြို့၊ ပုဂံမြို့တို့တွင် ကျေးလက်တောင်သူများ မြေပဲစိုက်ပျိုးမှုများပြားလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျေးလက်တောင်သူများ ပူးပေါင်းကာ မြေပဲအထွက်နှုန်း ကောင်းမွန်စေရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ အချိန်မီ စိုက်ပျိုးနိုင်ရေးတို့အတွက် တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ ယခုနှစ် မြေပဲစိုက်ပျိုးမှု ပင်ပြန်မြေပဲနှင့်ပင်ထောင် မြေပဲ စုစုပေါင်း စိုက်ဧက (၁၁၆၅၈၈) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးဦးမိုးရွာသွန်းမှု နည်းပါးခဲ့သော်လည်း မိုးလည်မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် မြေပဲစိုက်ပျိုးသူများပြားခြင်း၊ စိုက်ပျိုးပြီးမြေပဲစိုက်ပျိုး တောင်သူများ အပင်ဖြစ်ထွန်းမှုကောင်းမွန်ကြကာ မြေပဲစိုက်ပျိုးတောင်သူများ မြေပဲနုတ်သိမ်းချိန် မြေပဲအထွက်နှုန်းကောင်းရန် မျှော်လင့်နေကြောင်း၊ ညောင်ဦးမြို့နယ်တွင် မြေပဲစိုက်ပျိုးခြင်းအား မြေပဲသီးသန့်စိုက်ပျိုးခြင်း၊ မြေပဲအား ပဲစင်းငုံ၊ ပဲတီစိမ်းတို့နှင့် သီးထပ်စိုက်ပျိုးခြင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း