ပင်းတယ ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ “အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး” ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(လူသုံးကုန်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က “ယခုသင်တန်းကို ကျေးလက်နေပြည်သူများအား လူသုံးကုန်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ပြီး မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးစေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း” ပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းအား သင်တန်းသား/သင်တန်းသူ (၁၅) ဦးတက်ရောက်ခဲ့ကြပြီး ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)