ထားဝယ်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

ထားဝယ် ဩဂုတ် ၂၆

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်ခရိုင် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ခရိုင်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်စံပယ်သွင်က “ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ နောင်ကျရင် နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အိပ်မက်များကို အကောင်အထည်ဖော်ရာ၌ စာအုပ်စာစောင်များ ဖတ်ရှု့ခြင်း၊ အတွေ့အကြုံရှိသူများကို မေးမြန်းခြင်းကနေ ရရှိနိုင်သလို ကျောင်းသားအချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းတို့ကလည်း ရရှိနိုင်ကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသောလူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီးပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ တန်ဖိုးရှိသောလူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်းသည် မိမိပတ်ဝန်းကျင်အတွက်၊ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက်ပါ ကောင်းအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင် ဆွေးနွေးသူ(Moderator)အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၄)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-10 ကျောင်းသား မောင်ဇွဲရန်နိုင်က လူငယ်နှင့်နည်းပညာ၊  Grade-10 ကျောင်းသူ မစိုးစိုးမြတ်က လူငယ်နှင့်အားကစား၊ Grade-11 ကျောင်းသူ မသန္တာအောင်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 ကျောင်းသူ မအင်ကြင်းခိုင်က လူငယ်နှင့်စာကြည့်တိုက်စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ ကြသည်။

ဆက်လက်၍ တက်ရောက်လာသောကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထိုက်ထိုက်စံက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)