မိုးနဲမြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးနဲ ဩဂုတ် ၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဥယျာဉ်ရပ်ကွက်ရှိ အဆိုပါကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ မူလတန်းကျောင်းသား/ သူလေးများက ထာဝရမြန်မာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက အခြေခံပညာ‌ကျောင်းများတွင် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထွေးခမ်းက ကျောင်းပညာရည်ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍လည်းကောင်း ၊ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုင်းစံဝင်းက ကျောင်းလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အတန်းလိုက်ထူးချွန်စွာ အတန်းတက်ခဲ့ကြသော ကျောင်းသား/ သူလေးများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မူလတန်းကျောင်းသား/ သူလေးများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)