ရတနာပုံတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ဒုတိယအကြိမ်) ပို့ချ

အမရပူရ သြဂုတ် ၂၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ဒုတိယအကြိမ်) ပို့ချချက်ကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၇၈၀) ဦး တက်ရောက်ကြောင်း သိရသည်။

ပို့ချမှုတွင် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မျိုးသန့်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများ၊ ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ မဲဆန္ဒရှင်တစ်ဦး၏အခွင့်အရေးများ၊ မဲစာရင်းတွင် အမည်ပါရှိရေးဆောင်ရွက်ရန်အချက်များ၊ ကြိုတင်မဲပေးနိုင်သူများ၊ မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လိုက်နာရမည့်အချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း နည်းလမ်းများ၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲမပေးဖြစ်သူများ၊ မဲဆန္ဒရှင်တစ်ဦးဆောင်ရန်အချက်များ၊ မဲဆန္ဒရှင်တစ်ဦးမှတ်သားရန်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ပို့ချဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

စိုးသီဟ(အမရ)