မိုင်းခတ်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြဆောင်ရွက်

မိုင်းခတ် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦး‌ဆောင်၍ ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်သဏ္ဍာန်တူ ဇာတ်တိုက်‌လေ့ကျင့်မှုသရုပ်ပြရာတွင် ငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကင်းလွတ်သည့်နေရာများတွင် နေထိုင်ကြရန် နှိုးဆော်ခြင်း၊ ငလျင်လှုပ်ခတ်ပြီးပါက ပြိုပျက်သွားသည့် ထပ်မြင့်အဆောက်အဦအား ရွှေ့ပြောင်းရှင်းလင်းခြင်း၊ ထပ်မြင့်အဆောက်အဦအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ထပ်မြင့်အဆောက်အဦပြိုကျမှုကြောင့် ကားအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ခြင်း၊ ထပ်မြင့်အဆောက်အဦပေါ်မှ ပိတ်မိနေသည့်လူနာများအား ကယ်ဆယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ဆောင်ရွက်ခြင်းတို့ကို သရုပ်ပြလေ့ကျင့်ရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) မှ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပါဝင်သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ (အ.ထ.က)ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်လွင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ၊ မြို့နယ်ကျန်းမာရေးဆရာမများ တက်ရောက်ကာ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)