မြဝတီမြို့တွင် Mpox (မျောက်ကျောက်) ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

မြဝတီ ဩဂုတ် ၂၅

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားရာ ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ  ပြည်သူများအနေဖြင့်  ကြိုတင်ကာကွယ်နိုင်ရန်  Mpox (မျောက်ကျောက်)  ရောဂါကာကွယ်ရေးနှိုးဆော်ချက် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဘုရင့်နောင်ဈေးကြီးရှေ့  စုပေါင်းဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး  လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသက်လွင် ဦးဆောင်မှုဖြင့် မြို့နယ်စီမံအဖွဲ့ဝင်(၂)ဦးအောင်မျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦး၊ မြို့နယ် တိရစ္ဆာန်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူတို့က ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက် နိုင်ခြေရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်မခံရစေရန် သတိပြုရှောင်ရှားရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် Mpox (မျောက်ကျောက်) ရောဂါသံသယဖြစ်ဖွယ်လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို တစ်ဦးချင်းအလိုက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)