ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များအား အသိ ပညာပေးဟောပြော

ကျောက်တန်း သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိပညာများ ဟောပြောခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကအမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း မှော်၀န်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဥပဒေအရာရှိ ဦးဥာဏ်လင်းမြင့်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက်မရှိမဖြစ်လိုအပ်သည့်အရာဖြစ်ကြောင်း ထိုဥပဒေသည် နိုင်ငံ တော်၏ ပင်မကျောရိုးဖြစ်ကြောင်း၊ အဓိကမဏ္ဏိုင်ကြီး ၃ ရပ်ဖြစ်သောဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးတို့ကို မည်သို့မည်ပုံခွဲဝေပိုင်းခြားမည်ဆိုသည်ကို ပြဋ္ဌာန်းသတ်မှတ်ခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောအခန်းများ ပုဒ်မများအကြောင်း မြန်မာနိုင်ငံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းစသည်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားကို မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သန်းဥိးနှင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မြို့နယ်ဥပဒေအရာရှိ ဦးဥာဏ်လင်းမြင့်နှင့် ၀န်ထမ်းများတာ၀န်ခံကျောင်းအုပ် ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေလင်းကျော်(ပြန်/ဆက်)