တောင်ကြီးမြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဩဂုတ် ၂၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တောင်ကြီးခရိုင်၏ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသက်ဦး၊ အဖွဲ့ဝင်(၃) ဦးထိန်လင်းသိန်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကြီး တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးနှင့် အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ် ပိုမိုထွန်းကားလာစေရန်၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် ခရိုင်အဆင့်တွင် ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်များအားလုံး ရည်ရွယ်ချက်များပေါက်မြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ခရိုင်အဆင့်မှသည် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်ပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး ခဲ့ကြကြောင်းနှင့် ခေတ်ဟောင်း တေး/ကာလပေါ်တေးအဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်/ဇာတိဂုဏ် မြှင့်တင်ရေးတေးသီချင်းပြိင်ပွဲ၊ အကတစ်ဦး ချင်းပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအက၊ ကျေးလက်ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲနှင့် ဒုံမင်း၊ ပတ္တလား၊ စန္ဒရားပြိုင်ပွဲများတွင် တစ်ဦးချင်း(၂၂)ဦးနှင့် အဖွဲ့လိုက်(၉)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုရရှိသူများအား ၂၆-၈-၂၀၂၄ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)