နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေကျဆင်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး

ပျဉ်းမနား ဩဂုတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၌ ဩဂုတ်လ ၂၃ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ ငလိုက်ချောင်းရေမြင့်တက်လာမှုကြောင့် ‌ရေတိုက်စား၍ပျက်စီးခဲ့မှုအခြေအနေများနှင့် ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက  နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ချောင်းအားကြည့်ရှုခဲ့၍ ချောင်းအတွင်း ရေမြင့်တက်မှုကြောင့်ပါရှိလာသည့် အမှိုက်အားရှင်းလင်းပြီး ရေစီးရေလာကောင်းမွန်းရေးအတွက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ကူးတို့ဆိပ်ကျေးရွာအုပ်စုသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ရေဘေးကြောင့်နောက်ဆက်တွဲဖြစ်ပွားတတ်သည့် ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအသောက်များကိုအထူးကရုပြု နေထိုင်စားသောက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ရေဝင်ရောက်ခဲ့သည့်အခြေအနေများအားကြည့်ရှုခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများနှင့် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများထံ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ကူးတိုးဆိပ်ကျေးရွာ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေကျပ် သိန်း ၁၅၀ ဖြင့် စာကြည့်တိုက်အဆောက်အအုံအသစ် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)