မှော်ဘီမြို့နယ်တွင် ရေကြီးနစ်မြုပ် မိုးစပါးလယ်မြေများအတွက် ပိုပိုစွမ်းကုမ္ပဏီမှ သဘာဝမြေဩဇာများ ထောက်ပံ့လှူဒါန်း

မှော်ဘီ ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရေကြီးနစ်မြုပ်ထိခိုက်မှု ဖြစ်ပေါ်သော မိုးစပါးဧရိယာများအတွက် ပိုပိုစွမ်း သဘာဝဓာတ်မြေဩဇာကုမ္ပဏီမှ ငါးအမိုင်နိုအက်စစ် ရွက်ဖျန်းမြေဩဇာများအား တောင်သူများသို့ ထောက်ပံ့ လှူဒါန်းပေးအပ်ပွဲကို မှော်ဘီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်က သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းကိုရှင်းလင်း ပြောကြားခြင်း၊ ပိုပိုစွမ်းကုမ္ပဏီ၏ MD, Dr စိုးသူမှ သဘာဝမြေဩဇာထုတ်ကုန်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကုမ္ပဏီ၏ စိုက်ပျိုးရေးအကြံပေး တာဝန်ခံမှ အထွက်နှုန်းမထိခိုက်စေရေးအချိန်မီ ပြန်လည်ကုစားနိုင်မည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပိုပိုစွမ်း ကုမ္ပဏီ၏ MD  မှ သဘာဝမြေဩဇာများကို တောင်သူ ကိုယ်စားလှယ် ဦးမြင့်အောင် ထံပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)အုပ်စုအတွင်း ရေကြီးနစ်မြုပ်ထိခိုက် ဧက(၆၉၈) ဧကအတွက် လိုအပ်သော သွင်းအားစုများ အချိန်မီ ထည့်သွင်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)