ဘုတ်ပြင်းမြို့၌ ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သင်တန်း ဖွင့်လှစ်

ဘုတ်ပြင်း ဩဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်ပညာရေးဌာနတို့ပူးပါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၄/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အ.ထ.က(ဘုတ်ပြင်း) နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်းတန်းတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက  စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် နိုင်ငံသားတိုင်းဥပဒေပညာရရှိရေး၊ ဥပဒေကိုလူမှုဘဝများတွင်အသုံးချနိုင်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝတိုးတက်ရေးတို့တွင်အထောက်အကူပြုနိုင်ရေး၊ ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဉ်ကတည်းကဥပဒေကို လေးစားလိုက်နာတတ်သော အလေ့အကျင့်ကောင်းများရရှိရေးစသည့် ရည်ရွယ်ချက်များနှင့်သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ယင်းနောက် ဥပဒေအသိပညာပေးသင်တန်းကို ဆက်လက်ပို့ချရာ ခရိုင်ဥပဒေအရာရှိ(တာဝန်) ဦးဇင်မင်းဦးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေစသည့် ဘာသာရပ်များကိုလည်ကောင်း မြို့နယ်ဥပဒေအရာရှိ  ဒေါ်ယဉ်လဲ့မင်းဝေက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဥပဒေစသည့်များကို ဟောပြောပို့ချခဲ့လျက်ရှိပြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားသင်တန်းသူ ဆရာ၊ဆရာမ များတက်ရောက်၍ သင်တန်းကာလတစ်ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုသင်တန်းသို့ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)