သင်္ဃန်းကျွန်း သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး(သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်)ခရိုင်တို့၏ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရန်ကင်းမြို့နယ် ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင်၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်)ခရိုင်၊ ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကို၊ အကအကဲဖြတ်ပညာရှင် ဦးအောင်တင်ဝင်းနှင့် အကဲဖြတ်ဒိုင်အဖွဲ့အကပညာရှင် ဒေါ်နွဲ့နွဲ့စန်းတို့က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်) ခရိုင်အဆင့်ပြိုင်ပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မဟာရန်ကုန်အောင်စည်မိုး၏သား မောင်ထက်ဝေယံက ဆိုင်းလက်စွမ်းပြတီးခတ်ဖျော်ဖြေခြင်း၊ တေးသံရှင် နန်းအိချိုက ပဉ္စသိင်္ခသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ နိုင်ငံတော် ရွှေတံဆိပ်ဆုများရှင် စိန်အေးမြင့်က ဇော်ဂျီရုပ်သေးအကဖြင့် ဖျော်ဖြေခြင်း၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်သင်တန်းသူများက သွေးချင်းတို့မြေသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများအား သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် တာ၀န်ရှိသူများ၊ တက်ရောက်လာသော ဧည့်ပရိတ်သတ်များက ကြည့်ရှူအားပေးကြပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သတ်မှတ်နေရာမျာ၌ ဆက်လက်ကျင်းပရာ အကဲဖြတ်ဒိုင်အဖွဲ့၀င်များနေရာယူကြပြီး ပြိုင်ပွဲ၀င်များက ပါ၀င်ယှဥ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
လှလှနွယ် (ပြန်/ဆက်)