နေပြည်တော် ဩဂုတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းသို့ မျောက်ကျောက်ရောဂါ ဖြစ်ပွားကူးစက်မှုကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က PHEIC အဖြစ် ပထမအကြိမ်ကြေညာခဲ့သည့် (၂၀၂၂) ခုနှစ်၊ ဇူလိုင်လမှစ၍ WHO ရဲ့ recommendations များအတိုင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ ယခု PHEIC အဖြစ်ထပ်မံသတ်မှတ်ချိန်မှာလည်း Mpox ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းအတွက်လုပ်ငန်းများကို အထူးအလေးထားပြီး ဆောင်ရွက်သွားဖို့လိုအပ်နေတာဖြစ်ပါကြောင်း၊ လူနာသစ်တွေ့ရှိမှုနှင့် အစုလိုက်ဖြစ်ပွားမှုများအား သတင်းပေးပို့ခြင်း၊ သံသယလူနာများကို ရောဂါဖြစ်ပွား ကူးစက်မှုဆိုင်ရာ ရာဇဝင်များ သေချာစွာမေးမြန်းစုံစမ်းပြီး သတ်မှတ်ထားတဲ့ case investigation form များဖြည့်စွက်ခြင်း၊ ရေကျောက်ရောဂါသံသယ လက္ခဏာ ဖြစ်ပွားသူလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ရေကျောက်ရောဂါနှင့် မျောက်ကျောက်ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်း၊ ပြည်သူလုထုနှင့်ဖြစ်ပွားနိုင်ချေ မြင့်မားသောအုပ်စုများတွင် ကျန်းမာရေးပညာပေးခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့အား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များ အပါအဝင် နေပြည်တော်နှင့်တိုင်းဒေသကြီး/ ပြည်နယ်များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ လိုအပ်တာဖြစ်ပါကြောင်း၊ ဒါ့အပြင် လိုအပ်တဲ့ ရောဂါကာကွယ်ရေးပစ္စည်းများ၊ supportive treatment အတွက် လိုအပ်မဲ့ဆေးဝါးပစ္စည်းများ လုံလောက်အောင် စုစည်းထားရှိခြင်း၊ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကုသရေးလုပ်ငန်းလမ်းညွှန်များကို နောက်ဆုံးပေါ် အခြေအနေ၊ အထောက်အထားများနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီး လိုအပ်ပါက ဖြည့်စွက်ပြင်ဆင်ခြင်း၊ Isolation facilities များအသင့်ပြင်ဆင်ထားရှိခြင်းတို့ကိုလည်း ကြိုတင်ပြီးစနစ်တကျဆောင်ရွက်ထားရှိကြဖို့ မှာကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အားလုံးပူးပေါင်းပြီး ထိထိရောက်ရောက်အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကများကို နမူနာယူပြီး မိမိတို့နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ မျောက်ကျောက်ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး၊ ကူးစက်ဝင်ရောက်လာပါက စောစီးစွာသိရှိပြီး အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်နိုင်ရေးတို့အတွက် ညှိနှိုင်းပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာအေးအေးမာက မျောက်ကျောက်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)