ကြက်မောက်တောင်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်(၁၁)နာရီက ကြက်မောက်တောင်ရေလှောင်တမံသို့ရောက်ရှိ၍ ကြက်မောက်တောင်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကြက်မောက်တောင်ရေလှောင်တမံသို့ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်ဆွေဝင်းက ၂၀၂၄ ခုနှစ် မိုးရာသီကာလ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးတို့မှတစ်ဆင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ မြောင်းပြင်ဆင်ထိန်းသိမ်းမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ကြက်မောက်တောင်ရေလှောင်တမံအတွင်း (၂၃-၈-၂၀၂၄)ရက်နေ့အထိ ရေမှတ်(RL) ၉၂၃.၃ ရှိ၍ ရေဝင်ရောက်မှုမှာ ဧကပေ ၄၈၇၁၅ ဧကပေရှိကြောင်းနှင့် အသုံးပြုနိုင်သော ရေပမာဏမှာ ၄၅၆၁၅ ဧကပေဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် လက်ဝဲမြောင်းမကြီးမှ မိုးသီးနှံ စိုက်ဧက ၂၈၀၀နှင့် လက်ယာမြောင်းမကြီးအတွင်းရှိ မိုးစပါးစိုက်ဧက ၁၂၀၀ စုစုပေါင်း စိုက်ပျိုးဧက ၄၀၀၀ ကို ရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)