နေပြည်တော် ဩဂုတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက်အသစ်များ အချိန်မီဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်များအလိုက် အသစ်တည်ဆောက်မည့် စာကြည့်တိုက်များကို ပြီးစီးအောင် ဆောက်လုပ်နိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်များဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်များအလိုက် အသစ်တည်ဆောက်မည့် စာကြည့်တိုက်များနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက စာကြည့်တိုက်များဆောက်လုပ်ခြင်း လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်ဆန်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)