ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲမှ  မဝင့်ရွှေရည်ကျော် (Grade-7)က “တန်ဖိုးရှိသောလူ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဇင်ဖြိုး (Grade-10)က “ရွှေရောင်လူငယ်နှင့်ရွှေရောင် အနာဂတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသက်ဖူးဝေ (Grade-8)က “နှုတ်ဆိုစကားနားချိုစေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းနုဝေ(Grade-9)က “လူငယ်နှင့်သာသနာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစောပြည့်ပြည့်ဝင်း (Grade-11)က “လူငယ်နှင့်အချိန်၏တန်ဖိုး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မင်းဓနကြွယ်(Grade-11)က “လူငယ်များနဲ့ချစ်သူများနေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ 

ထို့နောက် မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ် (ပုဗ္ဗ)