မြိတ် ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် Gender(ကျား/မရေးရာ)၊ CEDAW(အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း) အသိပညာပေးသင်တန်းကို မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ မြိတ်မူလတန်းကြိုကျောင်းတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက အဖွင့်အမှာစကား ပြောကြားပြီး မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် Gender (ကျား/မရေးရာ)နှင့်ပတ်သက်သည်များ၊ CEDAW (အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)နှင့်ပတ်သက်သည်များ၊ NSPAW (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း)နှင့်ပတ်သက်သည်များကို မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးနှင့် ဦးစီးအရာရှိ ဒေါ်သီသီအေးတို့က Power Point ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြသည်။
သင်တန်းကို မြို့နယ်အတွင်းတွင်ရှိသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍာများတွင် စွမ်းဆောင်ရည်မြှင့်မားရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၊ ကျား/မတန်းတူညီမျှရန် အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးစသည့် ကိစ္စရပ်များရှိပါက ကော်မတီဝင်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGOs များမှ သက်ဆိုင်ရာဌာနများမှ ကဏ္ဍာအလိုက် ပူးပေါင်းချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သင်တန်းသို့ သင်တန်းသား/သူ(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)