ဇေယျာသီရိ ဩဂုတ် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာရှိ ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က စီမံကိန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ သင်တန်းသို့တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး အသေးစားလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက သင်ကြားပေးမည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်သင်ကြားပြီး အသေးစားလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက သီးနှံအခြေခံယိုနှင့်ဖျော်ရည်အမျိုးမျိုး၊ ဝိုင်၊ သီးနှံအခြောက်၊ အသင့်စားထုတ်ကုန်၊ ဆော့အမျိုးမျိုး၊ တာရှည်ခံဓာတုဆေးဝါးများနှင့် ဆိုးဆေးများ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာများနှင့် ထုတ်ပိုးမှုများအကြောင်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)