မိုင်းယု ဩဂုတ် ၂၃
နိုင်ငံတော်မတည်ငွေဖြင့် တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အဆိုပါ စာကြည့်တိုက် ပေါ်ထွန်းလာပါက အသက်အရွယ်၊ လူမျိုးဘာသာ၊ ကျား-မနှင့် ဆင်းရဲချမ်းသာမရွေး အသိဉာဏ်ပညာဗဟုသုတတို့ကို အခမဲ့ပေးဝေရာနေရာတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်လူငယ်အချို့မှာ အချိန်ကုန်ငွေကုန်ကာ အင်တာနက်ပေါ်တွင် ၎င်းတို့၏စိတ်ကိုလွှမ်းမိုးနေကြကြောင်း၊ ထိုအရာတို့ထက် အခမဲ့ထိုင်ရာကမထအလဲ့ထိုးနိုင်သည့်အရာမှာ စာအုပ်နှင့် စာဖတ်ခြင်းသာဖြစ်ပါကြောင်း၊ ထို့ကြောင့် စာဖတ်ခြင်းသာ မိမိတို့ဘဝ၊ မိမိတို့၏ အတွေးအခေါ်အသိဉာဏ်ပညာများကို ဖွံ့ဖြိုးစေ၍ စာဖတ်နိုင်ရန်အတွက် ကျေးရွာစာကြည့်တိုက်များလည်း အခန်းကဏ္ဍာတစ်ခုအနေဖြင့် လိုအပ်လျက်ရှိပါကြောင်းနှင့် ယခုနိုင်ငံတော်မတည်ငွေဖြင့် တည်ဆောက်မည့် ကျေးရွာစာကြည့်တိုက်ကိုလည်း ကျေးလက်နေပြည်သူများက အဖက်အဖက်မှအားကြိုးမာန်တက် ဝိုင်းဝန်းပူးပေါင်းရွက် ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက ကျေးရွာစာကြည့်တိုက်အား အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးစိုင်းခမ်းလူက စာကြည့်တိုက်ဆောက်လုပ်သွားမည်အခြေအနေများကို ရှမ်းဘာသာဖြစ် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ကျေးရွာစာကြည့်တိုက်တည်ဆောက်ရာတွင် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုပြောကြားခဲ့ပြီး နိုင်ငံတော်မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် အလျားပေ (၂၀)၊ အနံ (၁၉) ပေရှိသည့် Rcတစ်ထပ်စာကြည့်တိုက် အဆောက်အဦသစ် တည်ဆောက်မည့် သတ်မှတ်မြေနေရာ၌ တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒွန်းနွဲ့ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်နေပြည်သူတို့က မင်္ဂလာပန္နက်အား အောင်မြင်စွာရိုက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်