မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

မိုင်းဆတ် ဩဂုတ် ၂၃

မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ မယ်နင်ကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍  နိုင်ငံတော်မှမတည်ထောက်ပံ့လှူငွေကျပ်သိန်း (၁၅၀) ဖြင့် ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်မည့် မြေနေရာ တွင် ကျင်းပလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ မယ်နင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းအင်းခမ်းနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာ အသီးသီး၌ မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်တို့က ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် အောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)