အလုံ သြဂုတ် ၂၃
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်မှ အာဟာရရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိမှ ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၏ သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်း အသိပညာပေးခြင်း၊ ဦးစီးအရာရှိ(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦးမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရဆိုင်ရာ အသိပေးဟောပြောခြင်းနှင့် အိမ်သုံးဆားတွင် အိုင်အိုဒင်းပါဝင်မှုစစ်ဆေးမှုသရုပ်ပြခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဉ်မှ ငါးနှစ်အောက် ကလေးများအတွက် အာဟာရဆိုင်ရာအသိပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဝင်များက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အာဟာရဆေးပြားများနှင့် အာဟာရပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ လင်းရောင်နီမူကြိုမှ အသက်ငါးနှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ အာဟာရပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)