ဒဂုံအရှေ့ ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒေါက်တာဖြူဖြူတင့်(ပါမောက္ခ(ငြိမ်း)၊ ဥပဒေပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို အခမ်းအနားမှူးများက ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ ဒေါက်တာဖြူဖြူတင့်(ပါမောက္ခ(ငြိမ်း)၊ ဥပဒေပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)က Basic Facts about the Constitutional Law ခေါင်းစဉ်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိသင့်သည့်အခြေခံအချက်များနှင့် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ဒဂုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒဂုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာစန်းစန်းမွှေးက ဟောပြောပေးသော ဆရာမကြီးအား အမှတ်တရလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ/ ဌာနမှူးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)