မန္တလေး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင်အစည်းအဝေး(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးသုံးသပ်ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းကြားလာသည့်အမှုတွဲများနှင့် ဌာနအသီးသီးမှ ပြန်လည်စွန့်လွှတ်သည့်မြေများကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သော ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း တိကျမှန်ကန်စွာ စိစစ်ဆောင်ရွက်ပြီး မူဝါဒများနှင့်အညီ ပြန်လည်ပေးအပ်သွားနိုင်ရေး အမြန်ဆုံးပြီးပြတ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီ၏ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ ကတိုင်းဒေသကြီးအတွင်းလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ယခင်ကော်မတီကဆောင်ရွက်ထားရှိမှု၊ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဗဟိုကော်မတီသို့ တင်ပြတိုင်ကြားသည့်အမှုတွဲများအပေါ်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူအဖွဲ့ဝင်များက ရှင်းလင်းတင်ပြအကြံပြုကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့်အကြံပြုချက်များအပေါ် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်