မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့်  သီးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၊ မြို့နယ်တာဝန်ခံတို့က ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် အရှည်ပေ ၅၂၀၊ အကျယ် ၁၂ ပေ ထု ၆လက်မရှိ သီးကုန်းကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၂၅၅သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် သန်း ၉၁.၃၀  စုစုပေါင်း (၃၄၆.၃၀) သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။                                    

သိန်းမြင့်ကျော်(မိတ္ထီလာ)